ဒီပန်းချီကားကိုကြည့်ရတာ ဘာအရောင်မှ မပါဘူး…
မျက်မြင်သက်သေအဖြစ် မျဉ်းတားထားသော ဧရိယာများဖြစ်တယ်….။
လူ့မယဉ်ကျေးများ၏ ငွေကြေးနှင့် ပါဝါချိတ်ဆက်ထားသော စနစ်ဖြစ်သည်။
a2=b2+c2
ကိုယ်စားပြုနိုင်ခြင်း၏ ဆန့်ကျင်ဘက် သဘောတရားများကို တွန်းကန်ကြခြင်းဖြစ်၏။
မြို့ကြီးပြကြီးများရဲ့ အရသာဟာ ချွေးတလုံးလုံး ကျခြင်းပါပဲ…
လိမ္မာပါးနပ်စွာ နစ်မြုပ်နေသော မူကွဲရှိတဲ့ ဖွဲ့စည်းတည်ဆောက်ပုံဖြစ်ပါတယ်…
ကန့်သတ်မှုရှိတဲ့ လိုအင်ဆန္ဒတွေ ဖြစ်တယ်..
တပြိုင်နက်တည်းမှာပဲ..
ခြေလှမ်းများကို ရုတ်သိမ်း လိုက်ကြရတယ်…
ခပ်ဝေးဝေးကနေ တရိပ်ရိပ်နဲ့ မစိုက်ပျိုးရသေးသော ယာခင်းတွေဆီ…
ခုတ်မောင်းပြီးရင်းခုတ်မောင်း ရထားဟာ အိမ်ပြန်လမ်းတလျှောက်လုံး
အားကိုးရာမဲ့လာခဲ့ရသလို….
နှစ်ခုစလုံးမဟုတ်ခဲ့ဘူးဆိုရင် တစ်ခုပြီးတော့ တစ်ခု
မညီညွှတ်မှုတွေကို နားချအုံးမှပဲ..
ကာလအတန်ကြာတဲ့အထိ ကျွန်တော် ဘာတွေပြောနေခဲ့တာလဲ
ဒေသန္တရ ၏ ရိုးသားမှုများကို သွတ်သွင်းခြင်းလား
ပိတ်ဆို့ထားသော အရင်းမြစ်တွေ အကြောင်းလား
လိုက်ဖက်မှုမရှိတဲ့ ဘက်လိုက်မှုတွေလား
(သိပ်တော့ အရေးမကြီးတော့ဘူး ထင်တယ်)
အားလပ်ရက်တွေကို ဘွတ်ဖိနပ်ထဲ ထည့်ဝှက်ထားလိုက်ပါ..
အပေါစားရုပ်ရှင်လက်မှတ် တစ်စောင်၊ ဓာတ်ခဲကုန်နေတဲ့ ရေဒီယို (ဝါ) လေဒီယို၊
သောက်လက်စ ကော်ဖီတစ်ခွက်၊ ရေးလက်စ ဘလော့ဂ်ပို့စ်၊ ဇေယျာလင်းစာအုပ်နဲ့
သောက်ကောင်မလေး တစ်ယောက်အကြောင်း…
ဒီနေ့ထုတ် သတင်းစာလား…
ဒီနေ့ ကြာသပတေးနေ့ မဟုတ်ဘူးဗျ…
မကြာခင်..ဗူဗူဇီလာနဲ့ အာဖရိက ဘောလုံးပွဲတွေပေါ့ဗျာ..
၂၄လက်မတဲ့…သူလဲ မကြာခင်…မကြာခင်..
ထပ်ပြီး မပြောခင်မှာ ထပ်ပြီး မပြောဖို့ တိုက်တွန်းချက်များကို ကျွန်တော် ပယ်ချပါတယ်..
သူ့အသုံးတည့်မှုနဲ့သူ နားလည်ပေးနိုင်ရလိမ့်မယ်…
ရက်သတ္တပတ်သုံးပတ် ကြာမြင့်ခဲ့ပြီးပြီ…
မတို့ထိရသေးသော အချက်အလက်တွေကို သိမ်းထားတာတွေရှိတယ်..
အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းဟာ ခွေးအ တွေနဲ့ ဆင်ဆင် တူတယ်….
သစ်ပင်တွေကို တကယ်မချစ်တတ်ပဲ
ပတ်ဝန်းကျင် စိမ်းလန်းရေး ဟစ်ကြွေးနေတဲ့သူတွေကိုတော့ (လုံးဝ) အော်ဂလီဆန်တယ်။
ရှုထောင့်ကွဲပြားမှု ဖြစ်စဉ်များရဲ့ အဓိပ္ပါယ်
Posted in Poem
ကြီးကြီးသေးသေး သေးသေးကြီးကြီး
သေးရာက ကြီးလို့သွား ကြီးရာက သေးလို့သွား..
နာမည်ကြီးချင်တာမဟုတ်ရင် နာမည် သေးချင်တာလား…
လုပ်ရပ်သေးသေးလေး အတွက် လုပ်ရပ်ကြီးကြီးအဖြစ် ပြောင်းလဲ…
ဝေးတဲ့အခါ သေးပြီး နီးတဲ့အခါ ကြီးကြီးလို့…
အသက်ကြီးပြီး အချိန်မစီးသူများ…
အသက်သေးပြီး သောက်သုံးမကျသူများ…
ပါးစပ်ကြီးပြီး စကားလုံးသေးသေးလေးများသာ ထွက်တယ်..
ဆရာကြီးကြီးများရဲ့ ဦးနှောက်သေးသေးတွေ
စကားကြီးစကားကျယ် ပြောတာ မဟုတ်ဘူး…
သေးတဲ့အမှုကို ကြီးကျယ်ကျော်ကြားအောင် လုပ်ကြည့်တာ..သက်သက်..
ကြီးကောင်ကြီးမားကျမှ ဒဏ်ရာသေးသေးလေးကို နာကျင်ခံလိုခက်နေသေးတယ်…
အိပ်မက်ကြီးကြီးမက်ပြီး ပိုက်ဆံအရွက်သေးသေးတွေ အခုထိ ကိုင်နေရတုန်းပဲ..
ဖိနပ်ဆိုက်ဒ် ကြီးကြီးစီးပြီး မြို့သေးသေးလေးမှာ နေတယ်…
ဂစ်တာခပ်သေးသေး တစ်လုံးရှိပြီး ရှော်တီခပ်ကြီးကြီး တစ်ယောက်ကို ပိုင်ဆိုင်ချင်တဲ့သူ…
စာလုံးဒိထက်ပိုပြီး ခပ်ကြီးကြီး ရေးလို့မရဘူးလား..
ဒီမှာ…ခင်ဗျားနဲ့ကျွန်တော်မှာ ဘယ်သူက လူကောင်ပိုကြီးနေလို့လဲ…ပြော..။
Posted in Poem
ဒြပ်မဲ့ခြင်းများ၏တခါတရံ
မည်သည့်အသံမျှ မကြားလိုတော့ပါ။ထိုနေ့တနေ့လုံးအတွက် ကျဉ်းကြပ်မှုတွေ အိတ်သွန်ဖာမှောက်ပစ်လိုက်တယ်။
အနားမှာ ဘယ်သူမှ မရှိတဲ့အခါ စိတ်ရိုင်းတွေ ကစဉ့်ကလျား ဝင်ရောက်တိုးတိုက်သွား အသက်မရှင်လိုလျှင် အရှင်သတ်လိုက်ဖို့ပဲရှိတယ်။ ငါ့နားတွေ၊ ငါ့မျက်စိတွေ၊ ငါ့စကားတွေ ၊ ငါ့စီးကရက်တွေ၊ ငါမပိုင်တဲ့ ငါပိုင်တဲ့ဟာတွေ..။ တစ်ဦးတည်းသော အရူး
ခြေလှမ်းတွေ ခပ်ဖွဖွလှမ်းပါ…
သိုးသိုးသန့်သန့် အရင်ကထက် အခု သတ်မှတ်ချက်တွေ ကိုက်ညီမှုမရှိ
ကမ်းပါးတစ်ခုလုံး နာကျင်ရလောက်အောင် ပဲ့ကျလွန်းတယ်
မည်သို့မျှ မတတ်နိုင်သော အခါသွေးဆောင်ဖျားယောင်းခြင်းတွေကို အလိုတူစွာပေါင်းဖက်လိုက်တော့သည်။
အလကား ဂုဏ်ဒြပ်တွေ၊ အောက်သိုးသိုး ရယ်သံသိုးသိုးသန့်သန့်တွေ၊ သိန်းထောင်ချီနေတာတွေ၊ ကြေးရတတ်ပြည့်တန်ဆာများ၊ သင်္ချိုင်းကုန်း၏ ကျက်သရေ တင့်တယ်မှု
ခဏခဏ အချိန်မမေးပါနဲ့
ကိုယ်စီကိုယ်င လိမ်လည်ခြင်း ဥပဒေသများအား တရားဝင် ထုတ်ပြန်ကြေငြာခြင်း
အမှတ် ၁၀၁၂/၂၀၁၀
‘ကိုယ်တိုင်ရေး၍ ကိုယ်တိုင် ထုတ်လုပ်ဖြန့်ချီသော ယုတ်မာမှုတစ်ရာ စာအုပ်အမြို့မြို့အနယ်တွင်ရရှိနိုင်ပါပြီ’
အတီးအတတစ်ကောင်ရဲ့ အတ္တဖြစ်သည်။
ထိုအရာသည် မည်သည့်အရာမှ မဟုတ်သည့်အတွက် ဤကဲ့သို့ ဖြေရှင်းရန် အလို့ငှာ
ကိုက်တတ်သူများ မကြည့်ရ…။
Posted in Uncategorized
နာမ်၊နာမ်စား
ဖွင့်စရာမရှိတဲ့ တံခါးများက ပွင့်လို့
တစ်ခါတစ်ရံမှာ တန်ဖိုးတရားတွေဟာ တန်ဖိုးမထားဖို့ကောင်းတယ်..
(နောက်ကွယ်မှာ) ပျက်ရယ်ပြုနေကြတဲ့ နှုတ်ခမ်းတွေရဲ့ ကျက်သရေ ကင်းမဲ့မှုများ…
ဘယ်သူမှ ဘယ်ကောင်မှ ငအ မဟုတ်ဘူး…
သားရဲတွေ ကိုမှ မက်မောနေသူ/တန်ပြန်ရလဒ်တစ်ခု/ကျင့်ဝတ် ပယ်သတ်ခြင်း
သိပ်ရယ်ဖို့ကောင်းပြီး သိပ်ရယ်ဖို့ မကောင်းဘူး
မိမိကိုယ်ကိုမိမိ အလွန်အကျွံ
လွတ်၍လပ်ပြီး မလွတ်လပ်သောသူ
ဆိတ်သုဉ်းနေသော တောရိုင်းတွေဆီက ဘာမျှော်လင့်နိုင်မှာလဲ
ပစ်
လက်
ပစ်
သေ
ပစ်
လိုက်
ဖို့
သာ
ကောင်း
တယ်
နားလည်ခြင်း/နားမလည်ခြင်း များကို ဖန်တီးယူမှုများ ဖြစ်သည်။
ရယ်မောပြီး မော၍ရယ်သည်… ငိုကြွေးပြီး ဝဋ်ကြွေးကြောင့် ငိုရလိမ့်မည်။
ပုံပြင်မဟုတ်ဘူး/ပျင်းစရာ ဒဿနမဟုတ်ဘူး/သာယာမှုသက်သက်မဟုတ်ဘူး/အပျက်ဖော်တဲ့ အပျော်ဖတ်မဟုတ်ဘူး/ ကြိုးရှည်ရှည်နဲ့ဆွဲရအောင်လဲ နွားမဟုတ်ဘူး
တခန်းပြီး တခန်းပြောင်းသွား….
ဝါဒတစ်ခုကို ကွန်ဒုံးတစ်ခုလို ဟန်ဆောင်ပန်ဆောင် စွပ်ထားချင်သလား
မဲ့နေသော အဓိပ္ပါယ်များ၏ အဓိပ္ပါယ်မဲ့မှုများဖြစ်သည်။
အကြောင်းပြချက် မရှိပဲ တံခါးများကို လာလာမခေါက်ပါနှင့်…။
Posted in Poem
၃၅%ရာနှုန်း နှင့် နတ်ဆိုးမလေး တစ်ယောက်အကြောင်း

လက်ဖက်ရည်ခွက်ထဲကို အညှိုးတကြီး မွှေပစ်လိုက်တယ်..
ကျွန်တော် မကြိုက်သော အသီးအနှံတွေ…
ထီးတစ်လက်နဲ့ မိုးထားရသော ယနေ့ ရင်ခုန်သံလေး..
သူက ဘာပြောသလဲဆိုတော့…
`တိတ်စမ်း..´ တဲ့
ဖြစ်တည်မှု အရေပြားတွေကို လွှားခြုံထားကြသလို
ကိုယ့်စာအုပ်ထဲ ကိုယ့်ဟာကိုယ် မိုက်ကြည့်ကြည့်ရင်း
မှတ်တိုင်တွေ မှားသွားကြရဲ့
ခပ်ဟဟရယ်ရင်း ဘောင်ခတ်ထားကြတဲ့
လက်ရေးမူတွေက ကဆုန်ပေါက် ပြေးလွှားလို့…
`ခင်ဗျားအခုတော့ သိပြီမှတ်လား…´
ဒုတိယမြောက် ကျည်ဆံတွေ မထုတ်ခင်မှာ
ကျွန်တော့် ကိုယ် ကျွန်တော် ကြံစည်ပြီးမြောက်ခဲ့တယ်..
`လမ်းကြုံလို့ ၀င်လာတာပါ´
မီးခြစ်က ဂတ်စ်ကုန်နေတုန်းပဲ…
ကျွန်တော်ဟာ အခုထိ ဆဲရေးဆိုခွင့်ရှိတဲ့သူ မဟုတ်ဘူး..
`လူလိမ်၊ လူညာ´
(နှုတ်ခမ်းတွေက ပြုံးရီကွေးညွှတ်လို့)
ကိုယ်ပိုင် အမှီအတင်းမရှိတဲ့ ထိုင်ခုံသက်သက်ပါပဲ..
ခြေထောက်တွေ ရွေ့နေပေမယ့်
ခရီးလမ်းတွေက အသေတွေ…
ကျွန်တော် မဖတ်တတ်သေးသော
စကားလုံးတွေက တခြား သူတစ်ယောက်ကို
အဓိပ္ပါယ်သက်ရောက်ခြင်းမျိုး
ဖြစ်/မဖြစ်
`ရင်မောလိုက်တာ.. တိတ်တိတ်လေး သက်ပြင်းချရတာတွေ´
`နေတွေ အရမ်းပူနေတယ်… ထီးမဆောင်းဘူးလား..´
အမည်နာမတစ်ခု၊ နီးနီးလေးနဲ့ ဝေးရတာတွေ..
`ဘယ်အရာမှ မသေချာဘူး..´
ည၁၂နာရီ၊ ..၁နာရီ..၊ ၃နာရီ..(နာရီတွေရပ်ပြီး.. ကျွန်တော်က လက်ယာရစ်လည်လို့)
ကျွန်တော် ဆေးလိပ်ဖြတ်ခဲ့ပြီးပြီ..
ဒီနေ့ဟာ စနေနေ့ ဖြစ်တယ်..
`မသွားပါနဲ့ကွာ…´
တစ်ယောက်တည်း ရှိခဲ့ဖူးတဲ့ ညနေတွေ…
`ကျေးဇူးတင်ပါတယ်..´
`မတ်လ ၁၀ရက်´
ကျွန်တော် မမြင်တတ်တဲ့ နေရာမှာ
ကောင်စုတ်မလေး ပျော်နေပါလိမ့်မယ်..
လက်ဖက်ရည်ခွက်ထဲကို အညှိုးတကြီး မွှေပစ်လိုက်တယ်…
ကျွန်တော်ဟာ ငအ တစ်ကောင်လဲဖြစ်လေရဲ့..။
မင်းယွန်းသစ်
Posted in Uncategorized
အက္ခရာတွေသာ မျိုးမတုံးဘူးဆိုရင် ကျွန်တော်က ရူးနေလို့ပဲ
(က)တချို့အဖြစ်ပျက်တွေက နွေဦးကာလနဲ့ ကင်းကွာနေတယ်။
(ခ)ပြတင်းပေါက်များဆီမှ ဖေဖော်ဝါရီလ ဖြစ်တယ်။
(ဂ)ထိုမှတဆင့် ပိတ်အိုက်လှောင်နေသော ရပ်နီးရပ်ဝေး မိုးတိမ်များ..
(ဃ)စားပွဲတစ်လုံးပေါ်က သွေ့ခြောက်နေသော ပလက်ဖောင်းများ…
(င)ပရမ်းပတာ အသက်ရှူသံတွေနဲ့ အသစ်တပ်ဆင်ထားသော အနာဂတ်…
(စ)မပြောဖြစ်ခဲ့တဲ့ လောင်မီးကျ သံယောဇဉ်တွေ လှိုက်လှိုက်လှဲလှဲ နေ၀င်သွားကြတယ်..
(ဆ)သွေဖယ်မှု အနက်ဓိပ္ပါယ်များအား စွဲလန်းခြင်း
(ဇ)စိတ်ပြေလက်ပျောက် ညနေစောင်းအချိန်တွေမှာ မသင်္ဂြိုလ်ရသေးသော ကျိန်းမောင်းသံများသည် အနောက်ဖက်ဥယျာဉ်များဆီမှ ကူးယူထားခြင်းဖြစ်ကြောင်း
(ဈ)လက်မခံပဲ ပယ်ချခံလိုက်ရသူ တစ်ဦးထံမှ မထီမဲ့မြင်ပြုမှု ဒဏ်ငွေ
(ည)စားသုံးသူများ၏ မှတ်စုများ ဒါမှမဟုတ် သုံးပုံတစ်ပုံအားဖြင့် အခမဲ့ဖြန့်ချီခြင်း ဖြစ်သည်။
(ဋ)လဲလှယ်ခဲ့ကြပြီးသား အမှားယွင်းတွေ အတွက် နှုတ်ဖြင့် ရွတ်ဆို အာမေဋိတ်ပြုကြ..
(ဌ)`ဘာရနံ့ရလိုက်သလဲ´
(ဍ)သုံးလက်စ ယဉ်ကျေးမှု အပဲ့အရွဲ့များ ဖြစ်သည်။
(ဏ)အလီလီ ထပ်နေသော ကောင်းကင်၊ ဗူးကြီးကြီးထဲတွင် တနေ့တခါ ကွဲရှနေသော သက်မဲ့သက်ရှိ ဝေဒနာတွေကို ထည့်သိမ်းထား၏။
(တ)ကျွန်တော်နှင့် ရန်ဖြစ်ထားသော ဖျားယောင်းသွေးဆောင်ခြင်း အနက်အဓိပ္ပါယ်တွေ..
(ထ)ဒီလိုနဲ့ ကျန်ရှိနေသေးသော နတ္ထိတရား ပြီးတော့ စီးကရက်အခိုးတွေနဲ့ ညော်နံ့တွေမွှန် ထူနေတဲ့ ရင်ဘတ် ဟောင်းလောင်း တွေ ဖြစ်သည်။
(ဒ)စုတ်ပြတ် နုံချာနေသော အသိတရားများ၏ ဆင်ခြင်ကင်းမဲ့မှုဖြစ်သည်။
(ဓ)အနီရောင် သွေးများကို တက်မက်ခြင်း ဖြစ်သည်။
(န)ကျွန်တော်ဟာ သုံးစားမရသော သေချင်းဆိုး တစ်ကောင် ဖြစ်သည်။
(ပ)ကိုယ့်နားထင်ကိုယ် ပစ်ချလိုက်သော စနေနေ့ဆိုးများကို ဦးညွှတ်ခြင်း
(ဖ)ရောနှောခြင်းသည်းခံပါ။
(ဗ)ေ-ာက်ချဉ်ပဲ… နိုင်လိုမင်းထက် မယုံကြည်ခြင်း မျက်ကွယ်ပြုလိုက်ပြီတဲ့လား။
(ဘ)မီးစာကုန်ဆုံးသွားသော မြို့ကလေးအား မိုးစုန်းစုန်းချုပ်ပစ် သဖြင့် ကျွန်တော်သောက်သုံးနေကျ ကော်ဖီတွေ ပိုပိုခါးလာတယ်။
(မ)`အေး မင်းသိရင် ပြီးတာပါပဲ…´
(ယ)အူသံရှည်များ….
(ရ)အချက် ၇ချက် ဦးနှောက်ပျက်ယွင်းနေတဲ့ ပုန်ကန်မှုတွေ…
(လ)ငါ့ကို အရင်လမ်း တစ်ခုဆီကို ပြန်ရွှေ့ပေးကြပါ..
(၀)`လူငယ်တစ်ယောက်အနေနဲ့ သေဆုံးသွားရင် ဘယ်လိုနေမလဲ´ ဘယ်သူ့ကိုမေးမိမှန်း မသိတဲ့မေးခွန်း
(သ)သီတင်းပတ်များဆီမှ ငရဲဘုံသို့…
(ဟ)%$%#*&!!+=-/.
(ဠ)တံခါးများကို ပိတ်လိုက်သည်။
(အ)`ဂျိန်း…………..´
Posted in Uncategorized
တံဆိပ်ကပ်ထားသော အရိပ်လက္ခဏာများ
ကျကွဲခဲ့ပြီးပြီ…
ဒီလိုခံစားမှုမျိုး၊ မအီမလည် မျက်လုံးတွေနဲ့
ကျွမ်းကျင်မှုဆိုင်ရာ အပြစ်ဒေါသများ၏ အကွာအဝေး..
ဘယ်လောက်ရှိမတဲ့လဲ…
လုံးဝယုံကြည်မှု မရှိသော ဖားခြေထောက်များကို စူးစမ်းလေ့လာခြင်း
အချိန်မှီ မပြင်ဆင်နိုင်သော ဟာကွက်များကို
ကြံစည် ပြုလုပ်နိုင်၏။
အလိုဆန္ဒရမ္မက်များ၏ ပတ်ဝန်းကျင်ဖြစ်ပြီး အခြေခံဝါဒီများ၏
ဆင်ခြင်တုံတရားကို သွတ်သွင်းခြင်းပင်…
အတုပြုလုပ်ထားသော ထိုးစစ်ဆင်မှု၏
နောက်ကွယ်ရှိ ရူးရူးနှမ်းနှမ်း လက်သီးပုန်းများ ၏ ကံကြမ္မာ..
တူးဖော် ခူးဆွတ်စားရန် ပျက်ကွက်ခဲ့သော အစိမ်းရောင် ဥပါဒ်များကို
ကြိုးစင်တင်ဖို့ လိုအပ်ပါလိမ့်မယ်…
ဓာတ်တိုင်များ၏ ငတ်မွတ်မှု သီအိုရီမှတ်တမ်း
အခန်းကျဉ်းလေးများထဲသို့ ရွှေ့ပြောင်းခဲ့ ပြီးပြီ။
မည်သည့် အယူဝါဒ အိတ်ထဲ ပေါင်းထည့်ရမလဲ…
ဦးခေါင်းခွံအလွတ်များ ဖြစ်သည်။
မမှီမကမ်း.. ပင်လယ် ကမ်းစပ်များ ဖြစ်ချင်ဖြစ်မည်။
စတုတ္ထမြောက် တမ်းချင်းများကို သိမ်းယူပစ်လိုက်သည်။
မြို့က ပျက်ပြီးသွားပြီ… အခုမှ မီးအိမ်ထထွန်းနေလဲ အပိုပါပဲ..။
ခင်ဗျားပြောလို့ အကုန်လုံးကို လွှတ်ချမိတော့
ကျွန်တော်ရတာက ပိုးထိုးချစားပြီးသား မြေပုံအလွတ်တွေ…
ကြားရဖန်များလာတော့ အဲဒိခရာသံတွေဟာ
ကလိန်ကကျစ်တွေပဲဆိုတာ တဖြည်းဖြည်း သိလာကြတယ်..
စိတ်ကျ ရောဂါ၊ ဆံပင်စုတ်ဖွားနဲ့ စီးကရက်ခိုးတွေ…
ဘာထပ်လိုချင်သေးလဲ…
လူ့အဖွဲ့အစည်းထဲက မအောင်မြင်သော လက်မှတ်တွေတဲ့..
အခုထိ ဖုန်းခေါ်လို့ မရသေးဘူး….
ကျွန်တော်လား.. ရေငတ်နေတယ်…။
Posted in Uncategorized
ပဉ္စလက်သစ်ပင်တွေက မျက်ကန်းနားပင်းခဲ့လျှင်

မရောင်ရာ ဆီလူးလို့ နွားပေါင်ကျိုးသလိုမျိုး ပါပဲ..
လူဝင်များလို့ ဘဝင်မြင့်ကြေးဆို…
အများသုံးဈေးအိမ်သာတွေက ခင်ဗျားကို ဟားတိုက်လိမ့်မယ်…
မူပိုင်ခွင့်နဲ့ အပတ်စဉ်ထုတ်နေတဲ့ သိက္ခာ၊ သမာဓိတွေဟာ
မပြောဝံ့လောက်အောင် သူရဲဘောကြောင်လွန်းတယ်..
ခင်ဗျားတို့ အထင်ကြီးနေတဲ့ အရာတွေဆိုတာ
မှုန်ရီရီ မြက်ပင်ရှည်တွေလောက်တောင်
ဖွံ့ဖြိုး တိုးတက်မှုကို အထောက်ကူပြုတာ မဟုတ်ဘူး..
ဖျက်ဆီးစေတတ်တဲ့ နေထိုင်မှု ဘဝတွေက
ရိုသေကိုင်းရှိုင်းမှု မရှိတဲ့ အနက်ကောက်တွေပါပဲ…
ရုပ်ဝတ္ထုတွေရဲ့ ဖြစ်တည်မှုတွေက
တဖြည်းဖြည်း ရွှေ့ရင်း ငါးပါးမှောက်တတ်တာဗျ…
ချီးကျုးလေးစားဖွယ် ရိုက်ထုတ်လိုက်တဲ့
ရှက်ရွံ့မှုတွေက ပြုံးပြုံးလေး ဇီဝိန်ချုပ်သွား….
ဂန္တဝင်ကမ္ဘာကြီး အရာမဝင်လို့ ရယ်ဒီမိတ် ကျက်မှတ်မှုတွေကို
ဒရဟော သွန်ချ….
ကိုယ်သုံးနိုင်တဲ့ အခွင့်အရေးမှ အပူချိန်လျှော့ချသွားကြတယ်..
အရေးကြီးဆုံး နှိုးဆော်ချက်တွေ အဖြစ် လူညံ့တွေရဲ့ လက်သုံးစကားဟာ
အမုန်းစိတ်နဲ့ မရေးရဘူး..
အခြေခံလုပ်ပိုင်ခွင့် ကျောင်းသုံးစာအုပ်…
မတော်တဆများကို တန်ဆာဆင်ရင်း
အမည်တပ်၍ ဧည့်ခံခြင်းကို လက်မခံပါဘူး…
တော်အိလျော်အိ ဒုက္ခသုခတွေကို မေ့ပြီး
လက်ထပ်စာချုပ်ဖြင့် လီဆယ်ခြင်းသက်သက်ဖြစ်၏။
ခေတ်ပြိုင် နိုင်ငံရပ်ခြား ဂေဟဗေဒ ပြုန်းတီးမှုများမှ
ခေါင်းစဉ်သစ် တစ်ခု အတွက် ဘတ်ဂျတ်ခိုင်မာခြင်းပဲ ဖြစ်ပါလိမ့်မယ်။
တဒင်္ဂခပ်ဆန်းဆန်းလေးတွေနဲ့ ၎င်း၏ လျှို့ဝှက်ကုဒ်နံပါတ်..
မှတ်ချင်ရာကိုသာ မှတ်သားထားလိုက်ပါ…
လက်ဖက်ရည်ဆိုင်တွေမှာ သုံးတဲ့ ကျင့်ဝတ်ဆိုတာ…
အမှန်တော့.. ဒါတွေချည်းပဲ… ဒါတွေချည်းပဲလဲ မဟုတ်ဘူးတဲ့…
ဝန်ထုပ်ဝန်ပိုးနှင့်တကွ စည်းကမ်းချိုးဖောက်ခြင်းဟာ အထိရောက်ဆုံးဖြစ်မယ်..
ဒါဆိုလည်း… နောက်တခန်း ဆက်ကြတာပေါ့..။
မေလ၏အတောင်ပံများဆီမှ ဆည်းပူးလေ့လာခြင်းဖြစ်သည်။
ဒီလိုဗျာ…
ကျွန်တော်တို့ တတွေ အရည်မရ အဖတ်မရတွေကို ဆက်လက်စားသုံးနေသ၍
စကားများကြတာပဲ အဖတ်တင်မယ်….
မိမိအတ္တ အစွန်းထွက်တွေ မပါတဲ့ ရောင်းတန်းဝင် လူကြိုက်များ
ဖက်ရှင်ထွင်လုံး သက်သက်တွေဆိုတာ .. တကယ်က သုံးစား မရဘူးဗျ
ဘယ်လိုပဲ ဗားရှင်းအသစ်ထွက်ထွက်.. မူလအပေါ် အခြေခံတဲ့ ညွှတ်ယိမ်းမှုတွေကို..
လက်ခံလိုက်ကြမယ်..
ပိုက်ကွန်ထဲက မြေခွေးတစ်ကောင်ရဲ့ အရိပ်လက္ခဏာမျိုးကို ရွေးချယ်မှာလား
တဝက်အောင်မြင်ခြင်းဆိုတာ. ဆန္ဒရှိသူရဲ့ မှန်ထဲက ဖျက်ဆီးနိုင်ခြင်း..တွေကိုပြောတာ..
ဖြောင့်ဖြောင့်တန်းတန်း သွားချင်သွားမည်။
သဘောတူညီမှု ရရှိပြီးသား ပိရမစ်တွေဟာ.. ရယ်မောသံများနှင့်အတူ
ကျွန်တော်တို့လိုပဲ… အချစ်နာကျ..နေကြ….
ကတိကဝတ်များသည် အလွန်ကျယ်လောင်သော မိုးခြိမ်းသံများလို/
စကားအလွန်များသော… မိန်းမကြီးများလို…..
Learn wisdom by the follies of others.
လက်အိတ်ဟာ ခြိမ်းခြောက်မှုတွေ ပြည့်နှက်နေတယ်
အို.. ဘုရားသခင်…
ငတ်မွတ်ခြင်းတွေကို… မဖြေသိမ့် နိုင်သေးသရွှေ့တော့.. ကျွန်တော်တို့
ခြေထောက်တွေက ရှက်နေလိမ့်မယ်…
ဆိုလိုတာက..
နတ်အလိုမလိုက်နိုင်သော လူ၏ အလိုကို ခုတုံးလုပ်ပြီး
ကျွန်တော်တို့ ပေတေခြင်း အမြှီးတွေကို ကျည်တောက်စွပ်ကြည့်ခြင်း သာဖြစ်ပါတယ်။
အသက်ရှူမဝသော လူငယ်များ၏ ဆန်းသစ်မှုများဆီက ရုန်းထွက်ပြေးဖို့ မဖြစ်နိုင်ပါ။
သီချင်းများ သံပြိုင်သီဆို ကြပြီး မျက်နှာမူ၍ နေထွက်လိုက်ကြ၏။
ဖယောင်းတိုင်များကို မီးမှုတ်ငြိမ်းသတ်ကာ သွေးထွက်သံယိုဖြစ်နိုင်သော ဓားရှည်ကို ထိန်းသိမ်းလိုက်ပါသည်။
သမိုင်း၏ နောင်တရမှုတွေဆီက ဆင်းသက်လာသောအခါ…
ကျွန်တော်တို့ ဖိနပ်တွေ စီးထားကြဖို့ လိုအပ်မည် ဖြစ်ကြောင်း…..။
Posted in Poem
အသစ်ထပ်မံမွမ်းမံထားသော မှတ်တမ်း တချို့ကို တင်သွင်းခြင်း
တံခါးတွေက စကားတွေ အများကြီး ပြောတယ်။
ခေါ်ဆိုသံ မဲ့နေသော တယ်လီဖုန်းကို
မအားမလပ် ပြန်လည် ဖြေကြားရန် မဖြစ်နိုင်ပါ။
ည၏ အနမ်းတရှိုက်ကြောင့် လှစ်ဟာသွားသော ကန်ရေပြင်၏
မျက်နှာပြင်သည် လမြင် ကြယ်မြင် …. ပါပဲ။
ရော့ခ်အန်ရိုး… တေးသွားနှင့် ဓမ္မကျမ်းစာအုပ်..
ဘယ်နှခုမြောက်မှန်း မသိသော လီဆယ်မှု များမှ တဆင့်
သူတော်ကောင်းတွေ ဝတ်တယ်ဆိုတဲ့ ဝတ်ရုံထဲ တိုးဝင်သွားတယ်။
ကျွန်တော်တို့တတွေ/ ခင်ဗျားတို့ တတွေ
ပဋိပက္ခများကို အတူတကွ လက်မခံတတ် ကြတဲ့အခါ
ဖန်တီးစရာ မလိုသော ဘေးထွက်ဆိုးကျိုး ရပ်ဝန်းများကို ထုဆစ် လိုက်ကြတယ်။
အိပ်ပျော်အောင် အိပ်လိုက်သည်။
ဓာတ်ခဲကုန်နေသော လရောင်များ… အကြောင်း ပြတင်းတံခါးတွေနားက
ငှက်တွေ လျှို့လျှို့ဝှက်ဝှက် ပြောနေကြလိမ့်မယ်။
(ရီမုဒ်ကွန်ထရိုးကနေ Next ကိုနှိပ်၍ ကျော်ပါ)
ရစ်သမ်တွေ ၊ ကာရံတွေ၊ တေးသွားအမှတ်အသားတွေနဲ့
အခုထိတော့ .. သုံးကြိုးမြောက် တူရိယာ ကြိုးကို မဆက်ရသေးဘူး။
သပ်သပ်ခတ်ခတ် နှင့် ကြိုတင်စီမံထားသော လမ်းမကြီးပေါ် ပက်ကြားတွေတက်အပ် အုံးမှာလား။
မျိုးရိုးဗီဇ အမှိုက်ကို လိမ်ကျစ်ရင်း စံချိန်စံနှုန်းမှီ တွင်းနက်တွေထဲ ဆင်းသွားကြ၏။
မီးကြောင့် သင်မလောင်ပါစေနှင့်….
ဂြိုလ်ကြီး ၈လုံး စူပါနန်းကြိုးမျှင်သီအိုရီ…၊ အိုင်းစတိုင်းမှာ ကိုယ်ပိုင် ဘလော့ဂ်တခု မရှိ။
ဆိုတော့ကာ….
ကျွန်တော့်ကို မော့သောက်နေသော ပုလင်းများအား ဒါနပြုခြင်းအားဖြင့်
ဖြစ်ပေါ်လာနိုင်သော လော်မာဖောက်ပြားမှုများကို အရစ်ကျပေးချေခြင်းသာ ဖြစ်သည်။
မျှော်လင့်ထားတာ/ မမျှော်လင့်ထားတာ ၂ခု ကြား လွဲမှားမှုမှာ ရာနှုန်းပြည့်ဖြစ်၏။
ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ချွေတာဖို့ တပတ်ရစ် နေ့စွဲများကို စားသုံးပါ။
ဧရိယာ ပြင်ပသည် ဆက်သွယ်မှုသို့ ရောက်နေ၏။
တစွန်းတစမျှ မကြားဖူးသော ပုံပြင်များကို နာရီအကုန်ခံ၍ အိပ်ယာဝင်သည့်အခါ
တပ်ဆင် အသုံးမပြုပါနှင့်…။
စိမ်းလန်းမှုများကို အသေအကျေ မြတ်နိုးပစ်လိုက်ပါ။
ဖုံးကွယ်ထားသော.. လိုက်ကာများကို လှစ်ဟ နေပါစေ။
Posted in Uncategorized | Tags: Poem