
လက်ဖက်ရည်ခွက်ထဲကို အညှိုးတကြီး မွှေပစ်လိုက်တယ်..
ကျွန်တော် မကြိုက်သော အသီးအနှံတွေ…
ထီးတစ်လက်နဲ့ မိုးထားရသော ယနေ့ ရင်ခုန်သံလေး..
သူက ဘာပြောသလဲဆိုတော့…
`တိတ်စမ်း..´ တဲ့
ဖြစ်တည်မှု အရေပြားတွေကို လွှားခြုံထားကြသလို
ကိုယ့်စာအုပ်ထဲ ကိုယ့်ဟာကိုယ် မိုက်ကြည့်ကြည့်ရင်း
မှတ်တိုင်တွေ မှားသွားကြရဲ့
ခပ်ဟဟရယ်ရင်း ဘောင်ခတ်ထားကြတဲ့
လက်ရေးမူတွေက ကဆုန်ပေါက် ပြေးလွှားလို့…
`ခင်ဗျားအခုတော့ သိပြီမှတ်လား…´
ဒုတိယမြောက် ကျည်ဆံတွေ မထုတ်ခင်မှာ
ကျွန်တော့် ကိုယ် ကျွန်တော် ကြံစည်ပြီးမြောက်ခဲ့တယ်..
`လမ်းကြုံလို့ ၀င်လာတာပါ´
မီးခြစ်က ဂတ်စ်ကုန်နေတုန်းပဲ…
ကျွန်တော်ဟာ အခုထိ ဆဲရေးဆိုခွင့်ရှိတဲ့သူ မဟုတ်ဘူး..
`လူလိမ်၊ လူညာ´
(နှုတ်ခမ်းတွေက ပြုံးရီကွေးညွှတ်လို့)
ကိုယ်ပိုင် အမှီအတင်းမရှိတဲ့ ထိုင်ခုံသက်သက်ပါပဲ..
ခြေထောက်တွေ ရွေ့နေပေမယ့်
ခရီးလမ်းတွေက အသေတွေ…
ကျွန်တော် မဖတ်တတ်သေးသော
စကားလုံးတွေက တခြား သူတစ်ယောက်ကို
အဓိပ္ပါယ်သက်ရောက်ခြင်းမျိုး
ဖြစ်/မဖြစ်
`ရင်မောလိုက်တာ.. တိတ်တိတ်လေး သက်ပြင်းချရတာတွေ´
`နေတွေ အရမ်းပူနေတယ်… ထီးမဆောင်းဘူးလား..´
အမည်နာမတစ်ခု၊ နီးနီးလေးနဲ့ ဝေးရတာတွေ..
`ဘယ်အရာမှ မသေချာဘူး..´
ည၁၂နာရီ၊ ..၁နာရီ..၊ ၃နာရီ..(နာရီတွေရပ်ပြီး.. ကျွန်တော်က လက်ယာရစ်လည်လို့)
ကျွန်တော် ဆေးလိပ်ဖြတ်ခဲ့ပြီးပြီ..
ဒီနေ့ဟာ စနေနေ့ ဖြစ်တယ်..
`မသွားပါနဲ့ကွာ…´
တစ်ယောက်တည်း ရှိခဲ့ဖူးတဲ့ ညနေတွေ…
`ကျေးဇူးတင်ပါတယ်..´
`မတ်လ ၁၀ရက်´
ကျွန်တော် မမြင်တတ်တဲ့ နေရာမှာ
ကောင်စုတ်မလေး ပျော်နေပါလိမ့်မယ်..
လက်ဖက်ရည်ခွက်ထဲကို အညှိုးတကြီး မွှေပစ်လိုက်တယ်…
ကျွန်တော်ဟာ ငအ တစ်ကောင်လဲဖြစ်လေရဲ့..။
မင်းယွန်းသစ်